Friday, July 18, 2008

အမောက်လေးတော့  ထောင်ပြပါ

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာ၌ ရွာသူရွာသားတို့ သည် တောထဲသွားပြီးထင်းခုတ်ကာ အသက်မွေးဝမ်းကျောင်းပြုကြသတဲ့ ။ တစ်နေ့ တောလမ်းသို့ သွားသော ရွာအဝင်တံခါးဝတွင် စပါးကြီးမြွေတစ်ကောင် ရောက်လာသတဲ့ ။ စပါးကြီးမြွေသည် တောထဲသို့ ထင်းခွေသွားသော ရွာသားတွေကို တစ်ဦးမကျန် တံခါးဝ၌စောင့် ကာ ဖမ်းစားသတဲ့ ။ ဒါကြောင့်  ရွာသူရွာသားတို့ သည် ရွာအပြင်မထွက်ဝံ့ ဘဲ ဖြစ်နေကြသည်။

ဒီလိုနဲ့  ရက်တွေကြာလာသောအခါ ရွာသူရွာသားတို့ သည် အစာရေစာငတ်ပြတ်လာကြသည်။ ဒီအကြောင်းကို ရွာဦးဆရာတော်ဆီသွားကာ လျှေက်တင်ကြသတဲ့ ။ ဆရာတော်လည်း ရွာအဝင်တံခါးဝသို့  ကြွသွားကာ စပါးကြီးမြွေကို တရားသွားချသတဲ့ ။ " ဒကာကြီးစပါးကြီးမြွေ! ဟိုးအတိတ်ဘဝတုန်းက ကုသိုလ်ကံမကောင်းခဲ့ လို့  ဒီဘဝမှာတိရစ္ဆာန်လာဖြစ်တယ်၊ ဒီဘဝမှာလည်း အကုသိုလ်တွေ လုပ်နေမယ်ဆိုရင် နောင်ဘဝမှာ အပါယ်ငရဲသို့  မုချဆင်းရလိမ့် မယ်၊ ဒါကြောင့်  ငါးပါးသီလကို လက်ကိုင်ထားပြီးတော့ ခန္တီပါရမိ သည်းခံစိတ်နဲ့ကျင့် ကြံနေမယ်ဆိုရင် မုချမသွယ်ကောင်းရာသွားရလိမ့် မယ်။" ဟု တရားရေအေးတိုက်ကျွေးခဲ့သတဲ့။ ထိုနေ့ မှစ၍ စပါးကြီးမြွေသည် သူတပါးအသက်ကို သတ်မစားတော့ ပေ။

ဒီလိုနဲ့  ဆရာတော်ကြီးလည်း ခရီးထွက်သွားတာ ရက်တွေ၊လတွေ ကြာသွားသတဲ့ ။ စပါးကြီးမြွေလည်း သည်းခံစိတ်ကိုလက်ကိုင်ထားကာ တရားကျင့် နေသတဲ့ ။ ကြာလာတော့  ရွာသားတွေသည် အေးဆေးငြိမ်သက်နေသော စပါးကြီးမြွေကို ခြေထောက်နဲ့ တစ်မျိုး၊ တုတ်နဲ့ တစ်ဖုံ ထင်းခွေသွားတိုင်း ကန်ကျောက် ရိုက်နှက်သွားကြလေသည်။ စပါးကြီးမြွေသည် ဆရာတော်ကြီး၏စကားကို တသွေမတိမ်းနားထောင်ကာ ပြန်ရန်မမူဘဲ့ ခန္တီပါရမိကို လက်ကိုင်ထားတဲ့ အတွက် ရွာသားတွေရဲ့ နှိပ်စက်မှုကြောင့် သေလုမျောပါးဖြစ်လာလေသည်။

တစ်နေ့  စပါးကြီးမြွေသေအံ့ ဆေးဆေးအချိန်တွင် ဆရာတော်ကြီးသည် ရွာသို့ ရောက်လာ၏။ ဆရာတော်သည် စပါးကြီးမြွေကိုတွေသောအခါ အလွန်အံ့ သြသွားပြီး " ဒကာကြီးမြွေ ဒဏ်ရာဒဏ်ချက်တွေနဲ့  ဘယ်လိုဖြစ်တာတုန်း " ဟု မေးလိုက်သည်။ စပါးကြီးမြွေက " ဆရာတော်ရဲ့ စကားကို တပည့် တော်နားထောင်ကာ ရွာသားတွေရဲ့ နှိပ်စက်မှုကို ခန္တီပါရမိထားပြီး ကျင့် နေတာပါ ဘုရား။ " ဟု ပြောလိုက်သည်။
ထိုအခါ ဆရာတော်က " ဟေ့! ဒကာ မြွေမှန်းသိအောင် အမောက်လေးတော့ ထောင်ပြရတယ် ဟ "











ကျွန်တော်တို့  မြန်မာတွေဟာ သည်းခံစိတ်တော်တော်ထားကြပါတယ်။ နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်တဲ့ အခါ သူတို့ တွေဟာ မြန်မာတွေရဲ့  သည်းခံစိတ်ကို အခွင့် ကောင်းယူပြီး အနိုင်ယူသွားတတ်ပါတယ်။ ဒါကြောင့်  ဒီပုံပြင်လေးကို ကျွန်တော် သင်္ဘောပေါ်၌ ကို့ ညီ၊အစ်ကို များကို ကြုံရင်ပြောပြတတ်ပါတယ်။

Thursday, July 17, 2008

နိုင်ငံသစ်ကြီး ဆီသို့ 

ဒီနေ့ သင်္ဘောတက်ရန်အတွက် ကျွန်တော်ဟာ အိမ်မှ မင်္ဂလာဒုံလေဆိပ်သို့  taxi နဲ့ ထွက်လာခဲ့ သည်။ Taxi သည် မြို့ ထဲမှ လှည်းတန်း၊ ရှစ်မိုင်ကို ဖြတ်ပြီးနောက် ကိုးမိုင်ကျော်ကျော်နား ရောက်သောအခါ မုတ်ဦးကြီးတစ်ခုမှာ ရေးထားသော စာကြောင်းကို taxi ပေါ်မှ လှမ်းဖတ်မိသည်။
" ခေတ်မိတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ " ဟု ရေးထားသည်။
ကျွန်တော် ပြုံးမိသည်။ taxi လည်း မုတ်ဦးကိုဖြတ်ပြီး မင်္ဂလာဒုံလေဆိပ်ဆီသို့  ဝင်လာသည်။ ထိုနောက် ကျွန်တော်လည်း Silk Air MI 515 လေယာဉ်စီးပြီး " ခေတ်မိတိုးတက်သော စင်္ကာပူနိုင်ငံတော်ဆီသို့ " ဦးတည် ထွက်ခွါလာပါသည်။ ရန်ကုန်မြို့ လည်း ပြာမွဲမွဲနဲ့  ကျွန်တော့် ရဲ့ လေယာဉ်အောက်၌ ကျန်ခဲ့ လေသည်။

Tuesday, July 15, 2008

တကယ်လား ဟင်

ကျွန်တော် အလုပ်သွားရန် ရေးကြီးသုတ်ပြာဖြစ်နေချိန်တွင် (၆)နှစ်အရွယ်သမီးလေးက " ဖေဖေ မီးမီးအတွက် ဘိုမရုပ်လေး ဝယ်လာခဲ့နော်" ဟု တတွတ်တွတ် မှာနေသည်။
" မီးမီးအတွက် ဖေကြီး ဝယ်လာခဲ့မယ်နော် " ဟု ကျွန်တော်ပြောလိုက်သည်။

ညနေစောင်းချိန် အလုပ်တွေရှုပ်ပြီး မပြီးပြတ်နိုင်ဘဲဖြစ်ကာ အိမ်ပြန်လည်း နောက်ကျသွားသည်။ သမီးလေးသည် မအိပ်သေးပဲ ကျွန်တော်အိမ်ပြန်အလာကို စောင့်နေသည်။
" ဖေဖေ မီးမီးအတွက် ဘိုမရုပ်လေး ဝယ်ခဲ့လားဟင့်။ "
ကျွန်တော်လည်း သမီးကိုမြင်မှ ဘိုမရုပ်ဝယ်ရန် သတိရသွားသည်။ " ဖေဖေ အလုပ်တွေရှုပ်နေလို့  မဝယ်ခဲ့ဘူး သမီး၊ မနက်ဖြန် ဖေဖေ ဝယ်လာခဲ့မယ်နော်။ " ဟု ချော့မော့ပြောလိုက်ရသည်။ သမီးလေးသည် မျက်နှာငယ်လေးနဲ့  အိပ်ရာဝင်သွားသည်။

နောက်နေ့လည်း ကျွန်တော်သည် လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ ပြီး မေ့မေ့လျော့လျော့ဖြစ်ကာ သမီးလေးမှာလိုက်တာ ဝယ်ရန်မေ့သွားသည်။ အိမ်ကိုရောက်တော့မှ သမီးလေးကို ချော့ပြီးသိပ်လိုက်ရသည်။

ဒီနေ့ လည်း ကျွန်တော်သည် ဘိုမရုပ်ဝယ်ရန် မေ့သွားခဲ့ပြန်ပြီ။ ကျွန်တော့်လက်ထဲ ဘာပစ္စည်းမှ ပါမလာတွေ့ လိုက်ရတော့ သမီးလေးရဲ့ မျက်နှာပေါ်၌ အားငယ်တဲ့စိတ်၊ အဖေ့ပေါ် မယုံတဲ့စိတ်၊ အဖေ့ပေါ် အထင်မကြီးတဲ့ စိတ်လေး ဖြတ်သန်းသွားသည်။ ကျွန်တော်လည်း ကောက်ကာငင်ကာထိုင်ချလိုက်ပြီး
"ဖေဖေကြီး မနက်ဖြန် မရမက ဝယ်လာခဲ့မယ်၊ ဖေဖေ ကတိပေးတယ်။"ဟု အထင်သေးသွားမှာ ကြောက်တဲ့အတွက် စိုးရိမ်စိတ်နဲ့ ကျွန်တော် ပြောလိုက်သည်။ သမီးလေးက မယုံတော့တဲ့ အမူအရာနဲ့ 
" တကယ်လား ဟင် "
ကျွန်တော်ရင်ထဲ ဗလောင်းဆန်သွားသည်။ ငါကို သမီးလေး မယုံတော့ပါလားဆိုတဲ့ အတွေးက ခြောက်လှန့် သွားသည်။ သမီးလေးရဲ့  မယုံတယုံပြောတဲ့ ' တကယ်လား ဟင် ' ဆိုတဲ့ စကားဟာ ကျွန်တော့် ရင်ထဲ ပဲ့ တင်ထပ်နေသည်။

နောက်နေ့ အလုပ်သွားတော့ ဘတ်(စ်)ကားပေါ်၌ မနေ့ ကသမီးလေးနဲ့ ဖြစ်ပျက်ခဲ့ တဲ့  အကြောင်းအရာပဲ အတွေးထဲရောက်နေသည်။ စိတ်ပြေပျောက်သွားအောင် ကျွန်တော်သည် ကားပေါ်မှနေ၍ လမ်းဘေး၌စိုက်ထူထားသော ဆိုင်းဘုတ်ကြီးကြီးတွေပေါ်မှ စားသားတွေကို စိတ်ထဲ၌ ရွတ်ဆိုမိသည်။
" တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖ။ "
" တကယ်လား ဟင် " သမီးလေးရဲ့ မယုံတယုံ ပြောတဲ့ စကားနားထဲ ကြားလာသည်။
ကျွန်တော် စိတ်ကိုဖျောက်ပြီး နောက်စာကြောင်းကို ရွတ်မိသည်။
" ရိုးသား၊ ကြိုးစား၊ လုပ်အားဖြင့် နိုင်ငံတော်သစ် တည်ဆောက်ကြစို့ ။"
" တကယ်လား ဟင် " သမီးလေးရဲ့ စကား ပဲ့ တင်ထပ်လာပြန်ပြီ။
" တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့ မှသစ္စာမဖောက်။"
" တကယ်လား ဟင် "
ကျွန်တော်လည်း ဆက်ပြီးရွတ်နေရင် ဒီလိုပဲ ပဲ့ တင်ထပ်လာမှာ သိနေတဲ့ အတွက်ကြောင့်  မျက်လုံးစုံမှိတ်ပြီး ဘုရားကို အာရုံပြုပြီး စီးလာခဲ့ တော့ သည်။

Monday, July 14, 2008

ညီအစ်ကို

တစ်ခါတုန်းက ညီအစ်ကိုနှစ်ယောက် မိသားစုပိုင်လယ်ထဲ၌ အလုပ်လုပ်ကြသည်။ အစ်ကိုကြီးမှာ အိမ်ထောင်ရှိပြီး သားသမီးများသည်။ ညီငယ်၌ အိမ်ထောင်မရှိပေ။ တစ်နေ့တာကုန်လို့ အလုပ်သိမ်းတဲ့အခါ ရသမျှကောက်ပဲသီးနှံကို ညီတူမျှတူ ခွဲဝေကြသည်။
တစ်နေ့သောအခါ အိမ်ထောင်မရှိတဲ့ညီက " အစ်ကိုနဲ့ ငါဟာ ရတဲ့ကောက်ပဲသီးနှံတွေကို ညီတူမျှတူဝေခွဲတာဟာ မသင့်မြတ်ဘူး။ တစ်ကယ်တော့ ငါဟာလူပျို၊ ငါ့အတွက် ဘာမှမလိုဘူး။" ဟု သူကိုယ်သူ တွေးမိသည်။ ထိုနောက် သူ့ရဲ့ဝေစုထဲမှ စပါးအိတ်တစ်အိတ်ယူပြီး ညတိုင်း အစ်ကိုနဲ့ သူ့အိမ်ကြားလယ်ကိုဖြတ်ကာ အစ်ကိုရဲ့ဝေစုထဲသို့ အစ်ကိုမသိအောင်သွားထည့်ပေးသည်။
ထိုစဉ်တွင်းမှာပဲ အိမ်ထောင်ရှင်အစ်ကိုက " ငါ့ညီနဲ့ ငါဟာ ရတဲ့ကောက်ပဲသီးနှံတွေကို ညီတူမျှတူဝေခွဲတာဟာ မသင့်မြတ်ဘူး။ တစ်နေ့ အသက်ကြီးလာတဲ့အခါ ငါ့ကိုစောင့်ရှောက်မယ့် သား၊သမီးရှိတယ်။ ငါ့ညီမှာတော့ အိမ်ထောင်မရှိ၊ စောင့်ရှောက်ပေးမဲ့လူမရှိဘူး " ဟုတွေးမိသည်။ ထိုနောက် သူလည်း သူ့ရဲ့ဝေစုထဲမှ စပါးအိတ်တစ်အိတ်ယူပြီး လယ်ကွင်းကိုဖြတ်ကာ ညီရဲ့ဝေစုထဲသို့ ညီမသိအောင်သွားထည့်ပေးသည်။
တစ်နှစ်ကြာသောအခါ စပါးတွေ ဘာကြောင့်လျော့မသွားပါလိမ့်ဆိုပြီး ညီအစ်ကိုနှစ်ယောက် ဇဝေဇဝါဖြစ်လာသည်။ မှောင်မိုက်တဲ့ ညတစ်ည ညီအစ်ကိုနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တိုက်မိကြသည်။ အကြောင်းစုံသိသွားသောအခါ သူတို့ရဲ့ အိတ်တွေကိုချကာ ပွေ့ဖက်ပြီး ဝမ်းသာမျက်ရည်တွေ တသွင်သွင်စီးဆင်းသွားခဲ့သည်။
ညီလေး ကျော်စိုးဝင်းရဲ့ 15 July မွေးနေ့အတွက် Two Brothers ကို ပြန်ဆိုထားသည်။ "Happy Birthday ညီလေး။"

Sunday, July 13, 2008

မြင်တတ်သူ

တစ်ည ကျွန်မရဲ့ ရှစ်နှစ်အရွယ်သားလေး ဇကားရီယားနှင့်ကျွန်မဟာ တစ်ခုခုကြည့်ရန် TV လှိုင်းတွေကို ရွေးနေသည်။
" အိုး! အလှပြိုင်ပွဲပါလား " ဟု ကျွန်မ ပြောလိုက်သောအခါ၊
ကျွန်မရဲ့ သားလေးက " ဘယ်လို အလှပြိုင်ပွဲလဲ မေမေ " ဟုမေးသည်။
ကျွန်မက " ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီးကို ရွေးမယ့်ပွဲ သားရဲ "့ ဟုရှင်းပြလိုက်သည်။
ထိုအခါ သားက ကျွန်မကို ဝမ်းသာအားရနဲ့ " မေမေ ဝင်ပြိုင်လိုက်ပါလား ဟင့် "



In the Eye of the Beholder ဆိုတဲ့ Short Story လေးကို မေမေကို သတိရလို့ ပြန်ဆိုထားသည်။
မေမေဟာ ကျွန်တော့်ဘဝအတွက် အလှဆုံးပါ။

မိန်းမတွေဟာ ပန်းပွင့်လေးတွေပါ

ငယ်ရွယ်တဲ့ မိန်းကလေးဟာ
နွေဦးရာသီမှာပွင့်တဲ့ ဥယျာဉ်ထဲမှ ပန်းပွင့်လေး ....................။

အိမ်ထောင်မရှိတဲ့ မိန်းကတော့
နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားထဲမှ ပန်းပွင့်တဲ့ ............။

အိမ်ထောင်ရှင် အမျိုးသမီးကတော့
ပန်းအိုးထဲမှ ပန်းတစ်ပွင့် ...............................................။

တစ်ချို့က မေးကြတယ်
အသက်ကြီးတဲ့ အမျိုးသမီးတွေဟာ ဘယ်လိုပန်းမျိုးဘာလိမ့်
သူတို့တွေဟာ စာအုပ်ကြားထဲ လုံလုံခြုံခြုံသိမ်းထားတဲ့
ပန်းပွင့်ခြောက်လေးတွေပါပဲ..........................................။



Lvein ရေးတာကို ပြန်ဆိုထားသည်။